ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ခြေလှမ်းနှင့်နိဂုံး

ဗွာသရား။ မေလ (၉) ရက်၊ ၂၀၁၀။ တနင်္ဂနွေနေ့

ဒုတိယကမ္ဘာစစ်အပြီးတွင် ကိုလိုနီလက်အောက်ကျရောက်ခဲ့သော မြန်မာနိုင်ငံသည် နိုင်ငံ ရေးအလှည့်အပြောင်းဖြစ်လာသည်ကို ကြိုမြင်သည့် ပအိုဝ်းမျိုးချစ်ပုဂ္ဂိုလ်များက ပအိုဝ်း ပြည်သူများကို စည်းရုံးနိုးဆော်ပြီး ပအိုဝ်းလွောင်းဗူးအဖွဲ့ကို ၁၉၄၆ တွင် ဖွဲ့စည်းနိုင်ခဲ့သည်။ ထိုနောက် ၁၉၅ဝ ခုနှစ် သြဂုတ်လ(၂)ရက်နေ့တွင် ယခင်က ဖွဲ့စည်းထားသော ပအိုဝ်း လွောင်းဗူးအဖွဲ့ကို ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ပအမဖ)အဖြစ်သို့ ပြောင်းလဲဖွဲ့ စည်းခဲ့သည်။ ၎င်းကို ဟိန်မောင်က ဥက္ကဋ္ဌ၊ အတွင်းရေးမှူးက ဖေရှင်နှင့် အမှုဆောင် (၁၃)ဦး ရွေးချယ်ကြသည်။


ထိုနှစ် ဒီဇင်ဘာလ(၄)ရက်နေ့တွင် ပအိုဝ်းလူထုတစ်သောင်း ကျော်က တောင်ကြီးမြို့သို့ လှည့်လည်ဆန္ဒပြခဲ့ကြသည်။ ထိုဆန္ဒပြပွဲကို အဆို(၃)ရပ်ဖြင့် ရှမ်းပြည်နယ်ဝန်ကြီး ဦးဘိုးခင်မှတဆင့် ဗဟိုအစိုးရသို့တင်သွင်းခဲ့သည်။ အဆိုပါအဆို(၃) ရပ်မှာ-

1. ရှမ်းပြည်နယ်တွင် လူဦးရေအလိုက် အချိုးကျအထက်အောက် လွတ်တော်နှစ်ရပ်၌၊ သီးခြား ရွေးကောက်ပွဲများ ပြုလုပ်ပေးပြီးလျှင် ပအိုဝ်းရေးရာအဖွဲ့ ဖွဲ့စည်းပေးရန်။
2. ရှမ်းပြည်နယ်တွင် အခြေအနေအရ အခါကာလအားလျော်စွာ ပအိုဝ်းအမျိုးသားအများဆုံး နေထိုင်သော ရပ်ကွက်နယ်ပယ်အတွင်းတွင် သင့်လျော်သော စံပြဒေသန္တရ ဒီမိုကရေစီအုပ်ချုပ် ရေး ချက်ချင်းဖွဲ့စည်းထူထောင်ပေးရန်။
3. ၀န်ကြီးဦးနု၏ ညွန်ကြားချက်အရ ပအိုဝ်းအမျိုးသားများ၏ လိုလားချက်ကို အတိအကျ မှန်ကန်စွာ စုံစမ်းရေးအဖွဲ့ကို ကော်မရှင်ဖွဲ့၍ စုံစမ်းစေလွှတ်မည်ဆိုသော ဂတိကို အမြန်ဆုံး သိရှိပါရန် ဤအဖွဲ့ကလိုလားတောင်းဆိုပါသည်ဟု စသည်တို့ဖြစ်သည်။

၁၉၅၁ ခုနှစ်တွင် ပအမဖ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ရှမ်းပြည်နယ်တာဝန်ရှိပုဂ္ဂိုလ်များ ရှမ်းပြည် စည်းလုံးရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့သည်။ ၁၉၅၂ ခုနှစ် ဇွန်လ(၅)ရက်မှ (၆)ရက်နေ့ထိ တောင်ကြီးမြို့၌၊ မြို့မရုပ်ရှင်ရုံတွင် ပထမအကြိမ် ပအဖမ အဖွဲ့ချုပ်၏ ပအိုဝ်းတစ်မျိုးသား လုံးဆိုင်ရာညီလာခံကို ကျင်းပနိုင်ခဲ့သည်။ ဤညီလာခံတွင် ဗဟိုဦးစီးအဖွဲ့ဝင်(၆)ဦးနှင့် ဗဟိုအလုပ် အမှုဆောင်(၁၃)ဦးနှင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်ကို ချမှတ်နိုင်ခဲ့သည်။ ၁၉၅၂ ခုနှစ်တွင် ကျင်းပပြုလုပ် သော မြန်မာနိုင်ငံ ပထမအကြိမ်ပါလီမန်ရွေးကောက်ပွဲတွင် ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ ချုပ်မှ ပါလီမန်အမတ်(၃)ဦး အရွေးခံခဲ့ရသည်။ ညောင်ရွှေ အရှေ့ဘက် မဲဆန္ဒနယ်မှ ဦးအောင်သာ၊ မိုင်းပွန်တောင် မဲဆန္ဒနယ်မှ ဦးရှမ်းခင်နှင့် ရပ်ဆောက်မဲဆန္ဒနယ်မှ ဦးစံအောင် တို့ဖြစ်သည်။ ၁၉၅၃ ခုနှစ် စက်တင်ဘာလတွင် ဖအမဖမှ ကိုယ်စားလှယ်များနှင့် ရှမ်းပြည် တောင်တန်းသား စည်းလုံး ညီညွတ်ရေး အဖွဲ့ချုပ်(ရတစညဖ)၊ ရှမ်းပြည်လွတ်လပ်ရေး အဖွဲ့ချုပ် (ရပလ)နှင့် ဖက်ဆစ်ဆန့်ကျင် ရေး ပြည်သူ့လွတ်မြောက်ရေး(ဖဆပလ)တို့ ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးခဲ့ကြသည်။

၁၉၅၄ ခုနှစ် နောင်ယွေးရွာတွင် ပအမဖ ဒုတိယအကြိမ် တစ်မျိုးသားလုံးဆိုင်ရာ ညီလာခံ ကျင်းပ နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးကြသည်။ ၁၉၅၄ ခုနှစ် ဇွန်လအတွင်းတွင် ပအမဖ အမှုဆောင် ဦးဖြူ၊ ဦးကျော်စိန်နှင့် ဦးထွန်းရီတို့ကို ပုဒ်မ(၅)ဖြင့် အဖမ်းခံရပြီး မန္တလေးထောင်သို့ ရောက်ခဲ့ရ သည်။ ၁၉၅၅ ခုနှစ် ဇန္နဝါရီလ(၆)ရက်နေ့တွင် တောင်ကြီးမြို့ ဗန္ဓုလရုပ်ရှင်ရုံ၌ ဒုတိယအကြိမ် ပအမဖ ညီလာခံကို ကျင်းပနိုင်ခဲ့သည်။ ဤညီလာခံမှ ဦးကံ ဥက္ကဋ္ဌ၊ ဦးကျော်စိန် အတွင်းရေးမှူးနှင့် အဖွဲ့ဝင်(၁၁)ဦးရွေးချယ်ခဲ့ပြီး ရှေ့လုပ်ငန်းစဉ်(၅)ရပ်ကို ချမှတ်နိုင်ခဲ့သည်။ ၁၉၅၅ ခုနှစ် သြဂုတ်လ (၁၂)ရက်နေ့တွင် ပအမဖ အမှုဆောင်များနှင့် ရှမ်းပြည်နယ်ဥက္ကဋ္ဌ ရှမ်းပြည်နယ်တောင်တန်းသား စည်းလုံးညီညွတ်ရေးအဖွဲ့ကို ရှမ်းပြည်နယ်တိုင်းရင်းသား အားလုံးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးခဲ့ကြသည်။

၁၉၅၆ ခုနှစ် ဇူလှိုင်လတွင် ပအမဖ အမှုဆောင်များဖြစ်သော ညောင်ရွှေအရှေ့ဘက် မဲဆန္ဒနယ် အမတ် ဦးအောင်သာနှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက် ဟိန်မောင်၊ ပေါင်းစင်ထွန်း၊ ဦကျန်တို့သည် ပျောက်ဆုံးရာမှ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသည်။ ထိုအချိန်တွင် ပအမဖ အမှုဆောင်များသည် ကျီးလန့်စာစားကြောက်ရွံ့တိန်းရှောင် ထွက်ပြေးနေကြရသည်။ လာမည့်ရွေးကောက်ပွဲအတွက် စည်းရုံးရေးကို ကောင်းကောင်းမဆင်းနိုင်ခဲ့ဘဲ ဦးအောင်သာ၏ အသတ်ခံရသည့်အမှုကို လုံးပမ်း ဖော်ထုတ်သည့်အချိန်ဖြင့်သာ ဦးစားပေးခဲ့ရသည်။ သို့သော်လည်း ပအမဖ အဖွဲ့ချုပ်က မပြိုမကွဲ တည်မြဲလျက်ရှိနေသည်။ ဤလုပ်ရပ်သည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဒီမိုကရေစီအမဲကွက် သမိုင်းကြီး အဖတ်တင်ကျန်ရစ်ခဲ့သည်။

၁၉၅၆ ခုနှစ်တွင် ဒုတိယအကြိမ် ပါလီမန်ရွေးကောက်ပွဲ၌ ပအမဖသည် သာမိုင်ခမ်းမဲဆန္ဒနယ်မှ ဦးထွေးလုံတစ်ဦးတည်းသာ အရွေးချယ်ခံရသည်။ ၁၉၅၈ ခုနှစ်တွင် ဦးဖြူနှင့် ဦးကျော်စိန်တို့ မန္တလေး ထောင်မှ ပြန်လည်လွတ်မြောက်လာပြီး တောတွင်းပအိုဝ်းလက်နက်ကိုင် ပအလဖအဖွဲ့နှင့် ငြိမ်းချမ်း ရေးအတွက် ဆွေးနွေး၍ မေလ(၅)ရက်နေ့တွင် ပအလဖ အဖွဲ့သည် ပြည်ထောင်စု အစိုးရတပ်၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို သဘောတူခဲ့သည်။ မေလ(၈)ရက်နေ့တွင် ပအမဖအမှုဆောင်များ နှင့် ပအလဖကိုယ်စားလှယ်များ ဆွေးနွေးညှိနှိုင်းပြီး ပအမဖ(၆)ဦး၊ ပအလဖ(၅)ဦး ပါဝင်သော ပအမဖ ယာယီကော်မတီ တစ်ရပ်ကို ဖွဲ့စည်းခဲ့သည်။ ထိုနှစ်အတွင်းမှာပင် ကော်မတီကို ဖျက်သိမ်းပြီး နာယက (၅)ဦးပြန်လည်ဖွဲ့စည်းခဲ့သည်။ ၁၉၅၈ ခုနှစ် သြဂုတ်လတွင် ပအမဖ ဗဟို အလုပ်အမှုဆောင်များကို တိုးချဲ့ဖွဲ့စည်းသည့်အပြင် ဌာနများကိုလည်း ပြန်လည်ဖွဲ့စည်းခဲ့သည်။

၁၉၅၉ ခုနှစ် မတ်လ(၂ဝ)မှ(၂၁)ရက်နေ့ထိ တောင်ကြီးမြို့ ပထမတောင်ကျောင်းကြီးကျောင်း တိုက်တွင် တတိယအကြိမ် ပအမဖညီလာခံကြီးကို အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။ နာယက (၆)ဦး၊ ဗဟိုအလုပ်အမှုဆောင်(၁၅)ဦး ရွေးချယ်တင်မြောက်ပြီး ရှေ့လုပ်ငန်းစဉ်(၇) ရပ်ကိုပါ ချမှတ် နိုင်ခဲ့သည်။ ၁၉၅၉ ခုနှစ် ပအမဖ ဌာနချုပ် အဆောက်အအုံကို မြောက် ဘက်(၉၈/၂) အဆောက် အအုံတစ်လုံးကို ကန်ထရိုက်ကို ကန်ထရိုက်ဦးကျန် အားဆောက်လုပ်စေခဲ့သည်။

၁၉၆ဝ ခုနှစ်ဖေဖော်ဝါရီလတွင် ကျင်းပပြုလုပ်သော တတိယအကြိမ်ပါလီမန်ရွေးကောက်ပွဲတွင် ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မှ လွယ်လုံသမိုင်းခမ်း မဲဆန္ဒနယ်မှ ဦးကျော်စိန်၊ ညောင်ရွှေ အရှေ့ဘက်ဖက်မဲဆန္ဒနယ်မှ ဦးလှဖေ၊ လွိုင်လင်မဲဆန္ဒနယ်မှ ဦးဖြူတို့ အရွေးခံရသည်။

၁၉၆၁ ခုနှစ် ဇွန်လ(၈)ရက်နေ့တွင် တောင်ကြီးမြို့၌ ပြည်နယ်များညီညွတ်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ သည်။ ထိုအဖွဲ့တွင် ပအမဖမှ ဦးဖြူ၊ ဦးလှဖေနှင့် ဦးကျော်စိန်တို့ပါဝင်ခဲ့သည်။ ၁၉၆၂ ခုနှစ် မတ်လ (၂)ရက်နေ့တွင် ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်သော တော်လှန်ရေးကော်စီက အာဏာသိမ်းယူခဲ့ သဖြင့် ပအမဖ အဖွဲ့ချုပ်လည်း ဖျက်သိမ်းခြင်းကို ခံခဲ့ရပါသည်။ ၁၉၆၂ မှ ၁၉၈၈ ခုနှစ်အထိ ပအမဖ သည် မိမိလူမျိုး၏ စည်းလုံးညီညွတ်စွာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြပါသည်။

၁၉၈၈ ခုနှစ် စက်တင်ဘာလ(၁၈)ရက်နေ့တွင် စစ်အာဏာသိမ်းပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ရန် ဥပဒေပြဌာန်းပေးခဲ့သည်။ ထိုနှစ်အောက်တိုဘာလတွင် ပအိုဝ်းအမျိုးသား ကိုယ်စားပြု နိုင်ငံရေး ပါတီ မှတ်ပုံတင်သင့်မသင့် ဆွေးနွေးညှိနှိုင်းကြရာ အများသဘောတူညီချက်ဖြင့် နိုဝင်ဘာလတွင် မှတ်ပုံတင်ခွင့် အမှတ်စဉ်(၈၅)ဖြင့် ခွင့်ပြုခဲ့ပါသည်။ ၁၉၈၈ ခုနှစ် နိုဝင်ဘာလ(၂၁)ရက်နေ့တွင် ပအမဖ ဆိုင်းဘုတ်ကို တင်နိုင်ပြီး ဒီဇင်ဘာလတွင် သံဃာတော်များနှင့် မြို့မိမြို့ဖများထံ သြဝါဒခံယူခဲ့ကြသည်။ တောင်ကြီး၊ ဟိုပုံး၊ ဆီဆိုင်၊ လွယ်လွိုင်၊ အောင်ပန်း၊ ပင်လောင်း၊ ကလော၊ ညောင်ရွှေ၊ ရပ်စောက်၊ ထန်းတစ်ပင်၊ ဒိုက်ဦး၊ ဘီးလင်း၊ သထုံ၊ ဖားအံနှင့် ကောကရိတ် စသည့်မြို့နယ်များတွင် ပအမဖအဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့သည်။

၁၉၈၈ ခုနှစ် ဖော်ဝါရီလတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံဒီမိုကရေစီအဖွဲ့ချုပ်သို့ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့သည်။ ထိုနှစ် နိုဝင်ဘာလတွင် အဆိုပါအဖွဲ့မှ ပြန်လည်နုတ်ထွက်ခဲ့သည်။ ၁၉၉ဝ ခုနှစ် မတ်လ(၈)မှ (၉)ရက်နေ့အထိ တောင်ကြီးမြို့၊ ဈေးပိုင်းရပ်၊ ပအိုဝ်း အမျိုးသားပိုင် အဆောက်အအုံ တွင် ပအမဖ စတုတ္ထအကြိမ်မြောက်အမျိုးသားညီလာခံကို မြို့နယ်အသီးသီးမှ ကိုယ်စားလှယ် ပေါင်း (၄၅၆)ဦး တက်ရောက်၍ နာယက(၆)ဦး၊ ဗဟိုကော်မတီ(၂၄)ဦး၊ ဗဟိုအလုပ်အမှုဆောင် (၁၅)ဦး၊ ပြည်သူ့လွတ်တော်ကိုယ်စားလှယ် လောင်း(၁၅)ဦး ရွေးချယ်နိုင်ပြီး ရှေ့လုပ်ငန်းစဉ် (၁၂)ရပ်ကိုပါ ချမှတ်နိုင်ခဲ့သည်။ ၁၉၉ဝ ခုနှစ် နိုဝင်ဘာလ(၂၇)ရက်နေ့တွင် ကျင်းပသော ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် ပအမဖမှ ကိုယ်စားလှယ်(၁၅)နေရာဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဆီဆိုင်မြို့နယ်မဲဆန္ဒနယ်၊ ဟိုပုံးမြို့နယ်မဲဆန္ဒနယ်နှင့် ပင်လောင်းမဲဆန္ဒနယ်(၁) စသဖြင့် မဲဆန္ဒ နယ်သုံးနေရာ အနိုင်ရခဲ့လေသည်။ ၎င်း ၁၉၉၀ ရွေးကောက်ပွဲကို ရလဒ်ကို စစ်အစိုးရက လျစ်လျှူ ရှုထားခဲ့ပြီး မိမိတို့အာဏာတည်မြဲရေးအတွက် စစ်အင်အားကို တိုးချဲ့ခဲ့လေသည်။

နအဖ၏ ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေအရ တရားဝင်မှတ်ပုံတင်ဖြင့် ရပ်တည်လာသည့် ပအမဖ ပါတီနှင့် အခြားပါတီ(၉)ခုသည် ရက်ပေါင်း (၆၀)အတွင်း ကော်မရှင်သို့ လျောက်ထားရန် ပျက်ကွက်ပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက် ပျက်ပယ်သွားမည်ဖြစ်သည်ဟု ဆို၏။ ပအမဖ သည် ၂၀၁၀ ရွေးကောက်ပွဲကော်မရှင်သို့ ပါတီမှတ်ပုံတင်ခြင်း မလျောက်ထားသဖြင့် နအဖ၏ ရွေးကောက်ပွဲဥပဒေအရ ပအမဖသည် ၁၉၉၀ ရွေးကောက်ပွဲမှ နိုင်ငံရေးပါတီတခုအဖြစ် တရားဝင်ရပ်တည်လာခြင်းကို မေလ (၆)ရက်နေ့တွင် ကုန်ဆုံးသွားပြီဖြစ်သည်။

Pa-Oh People Info ဆိုက်မှ ပြန်လည်ကူးယူ ဖေါ်ပြထားပါသည်။

1 comment:

Tea Land said...

မတရားတဲ့ဥပဒေအောက်မှာ မှတ်ပုံမတင်တာဟာ လူထုဘက် ပြတ်ပြတ်သားသားရပ်တည်တာပါပဲ။ ဒါကြောင့်ပါတီမှတ်ပုံမတင်ပေမဲ့လည်း ပအိုဝ်းပါတီဟာ ပအိုဝ်းပြည်သူလူထုနဲ့အတူ ဆက်လက်ရပ်တည်နေပါမယ်။ အဓိက ကတော့ ပအမဖ ဟာ ပအိုဝ်းပြည်သူနဲ့အတူ ပအိုဝ်း အကျိုးစီးပွားကို လက်တွေ့ကျကျ ဆက်လက်လှုပ်ဆောင်ဖို့ပါပဲ။
ဆောင်းပါးရှင်ရဲ့ နိဂုံးချုပ်ချက်ကို လက်မခံနိုင်ပါ။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တိုက်ပွဲကို အစဉ်အားပေးလျှက်

မိုင်းဘုန်းကျော်
(ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး)