ပအိုဝ်းစာနယ်ဇင်းလောက

By Khun Skyrock | စန္တာခမ်း

ပအိုဝ်းစာပေလောက အခြေအနေတွေကို သုံးသပ်ပြရရင် မဂ္ဂဇင်းစာစောင်တွေ ဟိုအရင်တုန်းကထက် ပိုပိုပြီး ထုတ်ဝေလာကြတာကို တွေ့ရပါတယ်။ ဒါပေမယ့်လည်း ထွက်ရှိတဲ့ ပအိုဝ်းစာစောင်တွေက တစ်နှစ်မှ တစ်စောင်သာ အသီးသီး ထုတ်ဝေလေ့ရှိကြတယ်။ အချို့စာစောင်တွေဆိုရင် တစ်နှစ်ပဲ ထုတ်နိုင်ပြီး ပြန်ငုပ်သွားတာမျိုးလည်း ရှိတယ်။ အချို့လည်း ကာလတာအားဖြင့် (၂)နှစ် (၃)နှစ်လောက်ပဲ ထုတ်ဝေကြပြီး လျိုကနဲ ပြန်ပျောက်သွားလေ့ရှိတယ်။ အကြောင်းအမျိုးမျိုးတွေကြာင့် ဖြစ်ပါလိမ့်မယ်။

အခြား မကြည့်ပါနဲ့၊ အရင် ၁၉၈၀-ခုနှစ်ဝန်းကျင်က ရန်ကုန်၊ မန္တလေး ပအိုဝ်းတက္ကသိုလ် ကျောင်းသားကျောင်းသူတွေ ထုတ်ဝေကြတဲ့ ပအိုဝ်းမဂ္ဂဇင်းကိုသာ နမူနာ ကြည့်လိုက်ပါ။ ပအိုဝ်းရဟန်းရှင်လူ ပြည်သူ စာဖတ်ပရိသတ်တွေ အတော်လေး လက်ခံခဲ့ကြတယ်၊ အားပေးခဲ့ကြတယ်။ အရှိန်ကလည်း အတော်လေး ရနေပါပြီ။ ဒါပေမယ့် ဆက်မထုတ်ဖြစ်ကြဘူး၊ ပအိုဝ်းစာဖတ် ပရိသတ်တွေကို ဆန့်တငင်ငင် ဖြစ်အောင် ထားရစ်ခဲ့ကြတယ်။ အကယ်၍သာ ဆက်လက်ပြီး ထုတ်ဖြစ်မယ်ဆိုရင် မခန့်မှန်းနိုင်တဲ့ တိုးတက်မှု ရလဒ်ကြီး ရရှိစေမှာတော့ အမှန်ပါပဲ။ ယေဘုယျအားဖြင့် အဲသလို စာစောင် ဆက်လက် မထုတ်နိုင်တဲ့ အကြောင်းရင်းက -

(၁) ငွေရေးကြေးရေး ကျောထောက်နောက်ခံ မရှိတာရယ်။
(၂) စာစောင်ဦးဆောင်မည့် ကျွမ်းကျင်ပုဂ္ဂိုလ်တွေ မရှိတာရယ်။ (အဖွဲ့သားတွေ တကွဲတပြားစီ ဖြစ်သွားတာရယ်)၊
(၃) ရေရှည်ရပ်တည်ဖို့အတွက် ခိုင်မာပီပြင်တဲ့ အဖွဲ့အစည်း မရှိတာရယ်။
(၃) စာဖတ်ပရိသတ် အမာခံ နည်းတာရယ်။ အဲသလိုပဲ အကြမ်းဖျင်း ကောက်ချက်ချရပါမယ်။


စံပြ ဒဲဉ်သီးလာဗွေစာစောင်

ရေရှည် အတည်တံ့ဆုံး စာစောင်ကတော့ အများသိပြီးဖြစ်တဲ့ ဒဲဉ်သီးလက်ဆောင်ပဲ ဖြစ်ပါတယ်။ သက်တမ်းလည်း ရှည်တယ်၊ ဖတ်ရှုအားပေးကြတဲ့ သူတွေလည်း များတယ်။ ဒုတိယလိုက်တဲ့ စာစောင်ကတော့ လိတ်လဲုင် ဥယျာဉ်ပဲ ဖြစ်ပါတယ်။ ကျန် လွီးဟွမ်စွုမ်းသရား၊ ဒဲဉ်သီးင၀်းခြီခြ၀်၊ ရောင်းစွုမ်းအားရဲင်၊ ဒဲဉ်သီးကောဝ်းဟွမ်တို့လည်း ထုတ်ဝေတာ နည်းနည်း ကြာပေမယ့် အားပေးတဲ့သူ အထိုက်အလျောက် ရှိကြပါတယ်။


နယ်ကိုယ်စားပြု ပအိုဝ်းစာစောင်များ

ထူးခြားတာကတော့ ပအိုဝ်းမဂ္ဂဇင်း စာစောင် မှန်သမျှလိုလိုဟာ ပအိုဝ်းဘုန်းကြီး ဦးဇင်းတွေသာ ထုတ်ဝေကြတာ များပါတယ်။ ရေးတဲ့ ကလောင်ရှင်တွေလည်း ပအိုဝ်းဘုန်းကြီး ဦးဇင်းတွေပဲ များပါတယ်။ လူပုဂ္ဂိုလ် ကလောင်ရှင် ကျတော့ သိပ်နည်းပါတယ်။ ပအိုဝ်း ဘုန်းကြီးဦးဇင်းတွေ ဦးစီးတဲ့ စာစောင်တွေဟာ ကိုယ့်နယ်ကို ကိုယ်စားပြုတဲ့ အနေနဲ့ ထုတ်ဝေကြတာက များပါတယ်။ ဥပမာပြောရရင်- လိတ်လဲုင်ဥယျာဉ်ဆိုရင် ဆီဆိုင်(သထုံလေး)မြို့နယ်ကို ကိုယ်စားပြုပြီး ထုတ်ဝေတယ်။ စန္တာလာရောင်း၊ လွီးဟွမ်စွုမ်းသရား၊ မဟာနွယ် တို့ဆိုရင် စန္တာခမ်း ပင်လောင်း/နောင်တရားဒေသကို ကိုယ်စားပြုတယ်။ ဒဲဉ်သီးက၀်းဟွမ်ဆိုရင် နန်းတိုင်း (တရျက်)၊ ဘော်နှင်းကုန်း၊ မျင်းမိုရ်စော့ဗန်ဆိုရင် လွိုင်လင်/ပင်လုံ၊ ခမ်းရောင်းစိုဆိုရင် နောင်ခဲုင်းရွာ၊ မျင်းမိုရ်ရောင်းဆဲစ်ဆိုရင် ဟိုပုံး၊ စသဖြင့်ပေါ့။ နောက်ပြီး ယိုးဒယားကနေ ထုတ်ဝေတဲ့ ပအိုဝ်းသွီး၊ ပအိုဝ်းမဂ္ဂဇဉ်း စာစောင်အချို့လည်း တွေ့ရပါတယ်။ အဲဒီစာစောင်တွေက ပြည်တွင်းပအိုဝ်းဒေသ စာဖတ်ပရိသတ်တွဆီ သိပ်မရောက်ဖြစ်ကြဘူး။ ကော်ပီဖြူမည်းအဖြစ် ကူးထားတာကို တချို့တလေ တွေ့ရတယ်။ ပအိုဝ်းလိုတင်မက မြန်မာလိုပါ ရေးထားတယ်။ အဲသလို စာစောင်မျိုး ပြည်တွင်းမှာ ဖြန့်ချီနိုင်ရင် သိပ်ကောင်းပါလိမ့်မယ်။


စာစောင်ထုတ်ဝေကာလ

ပအိုဝ်းစာစောင်တွေ ထုတ်ဝေတဲ့ ကာလဟာ များသောအားဖြင့် တပေါင်းလပြည့် မွူးနီခွိုပအိုဝ်း – ပအိုဝ်းအမျိုးသားနေ့ ပွဲတော်အမီ ထုတ်ဝေကြတာ များပါတယ်။ အချို့လည်း ပအိုဝ်းစာပေ ဗဟိုဆရာဖြစ်သင်တန်း (ဗဟိုသွဉ်တန်) အမီ ထုတ်ဝေကြပါတယ်။ အချို့လည်း ၀ါဆိုလမှာ ထုတ်ကြသလို တန်ဆောင်မုန်း ကထိန်ပွဲအမီ ထုတ်ကြတာလည်း ရှိပါတယ်။ အမျိုးမျိုးပါပဲ။


အားပေးမှု

ပအိုဝ်းစာဖတ် ပရိသတ်တွေ အကြိုက်များတဲ့ ဒဲဉ်သီးလက်ဆောင်နဲ့ နယ်အသီးသီးကို ကိုယ်စားပြုတဲ့ စာစောင်တွေကို ဖတ်ရှုအားပေးကြပုံက မြန်မာစာစောင်တွေနဲ့ မတူပါဘူး။ (၁) စာစောင်မရိုက်ခင် ကြိုတင် ငွေအကူထည့်ပြီး အားပေးတာမျိုးရှိတယ်။ (၂) စာစောင်ထုတ်ဝေပြီး ငွေနဲ့ဝယ်ယူ အားပေးတာမျိုးရှိတယ်။ စာစောင်ရဲ့ အတွင်းပိုင်းနောက်ဆုံးကို ကြည့်ပါ။ စာစောင်အတွက် အကူငွေအဖြစ် လှူဒါန်းသူများစာရင်းကို တွေ့ကြရမှာ ဖြစ်တယ်။

ဥပမာ- (၁၅၀၀)လှူရင် တစ်အုပ်လက်ဆောင်အဖြစ် အခမဲ့ပြန်ရမှာ ဖြစ်တယ်။ စာစောင်တိုင်း လိုလိုပါပဲ။ အဲဒီနည်းနဲ့ပဲ ပအိုဝ်းလူထုတွေ စာဖတ်ဖြစ်အောင် စာစောင်တွေ ထုတ်ကြရပါတယ်။ ကြိုတင်အလှူငွေ မထည့်ခိုင်းဘူးဆိုရင် ထုတ်ဝေပြီးသား စာစောင်ကို ရွာအရောက် သွားရောင်းကြည့်ပါ။ ၀ယ်ယူအားပေးသူ မရှိသလောက် နည်းပါးတာကို တွေ့ရမှာဖြစ်တယ်၊ အဲဒါ လက်တွေ့ပါပဲ။ ကြိုတင်အလှူငွေ ထည့်သားတဲ့သူဆိုရင် ဥပမာ- ရွာတရွာမှာ အကူငွေ လှူတဲ့သူ အယောက်(၅၀)ရှိတယ်ဆိုရင် အိမ်ခြေ(၅၀)မှာ စာစောင်ရေ(၅၀) ရောက်နေပြီလို့ ကျိန်းသေ တွက်ဆလို့ရပါတယ်။ အနည်းဆုံး လူ(၅၀)လောက်ကတော့ စာစောင်ကို ကြည့်ဖြစ်မယ်။ ပညာဗဟုသုတတွေ တိုးပွားစေမှာဖြစ်တယ်။ အခုနောက်ပိုင်းမှာ ကူငွေနဲ့ စာမူပါတွဲပြီး ပို့ကြတာဖြစ်တယ်။ စာမူကဗျာလေး တစ်ပုဒ်ပဲဖြစ်ဖြစ် ရွေးပေးလိုက်ရင် တအားကို ၀မ်းသာရှာကြတယ်။ စာရေးဆရာ ဖြစ်ပြီဟေ့လို့တောင် ယူဆကြတယ်။ တစ်ချို့လည်း ထည့်လိုက်တဲ့စာမူ မပါလာလို့ စိတ်ပျက်တာလည်း ရှိတယ်။ ကူငွေထည့်ရင် စာမူပါ ရွေးရမယ်လို့ အထင်ရှိနေတယ်။

ဒါကြောင့် ပအိုဝ်းဘုန်းကြီးဦးဇင်းတွေ ထုတ်တဲ့ စာစောင်မှန်သမျှ ကြိုတင်ငွေအကူ လှူဒါန်းတဲ့စနစ်ဟာ အရေးပါ အရာရောက်လှပါတယ်။ တနိုင်တပိုင်ဆိုပေမယ့် ထိရောက်တယ်လို့ ယူဆရမှာဖြစ်တယ်။ ဒါပေမယ့် ဘုန်းကြီး ကလောင်ရှင်တွေ များတဲ့အတွက် လူယောင်္ကျား၊ မိန်းမ (အိမ်ထောင်ရေး)ရဲ့ သဘာဝ အပြုအမူစရိုက်ကို ရသဆန်ဆန် မဖော်ပြနိုင်တဲ့အတွက် ရသစာပေဘက်မှာ အတော် အားနည်းတာကို တွေ့ရပါတယ်။ တကယ်တော့လည်း လူပုဂ္ဂိုလ်တွေ လုပ်ရမယ့်အလုပ်ကို ပအိုဝ်းဘုန်းကြီး ဦးဇင်းတွေက ရှေ့ဆောင်လမ်းပြအနေနဲ့ မတတ်သာပဲ ၀င်လုပ် နေရတာ ဖြစ်တယ်။ အဲဒါနဲ့တင် ပအိုဝ်းဘုန်းကြီး ဦးဇင်းတွေကို ကျေးဇူးတင်သင့်ပါပြီ။ စာပေအစ ဘုန်းကြီးက-လို့ ပြောရင် မှားမယ် မထင်ပါဘူး။ အချို့ဒါယကာ/မတွေကလည်း ကိုယ့်ရဲ့ဘုန်းကြီးဦးဇင်းတွေကို = အရှင်ဘုရားသာ ရှေ့က ဦးဆောင်ပြီးသာလုပ်၊ တပည့်တော်တို့ နောက်က လိုက်အားပေးဖို့ အဆင်သင့်ပဲ- ဆိုတာမျိုးလည်း အများအပြားရှိပါတယ်။

ပအိုဝ်းဘုန်းကြီးတွေက ကိုယ့်ရပ်ကိုယ်ရွာ အပေါ်မှာ သြဇာညောင်းရုံတင်မက စာပေလည်း ၀ါသနာပါတဲ့အတွက် ကိုယ်ဒကာတွေကို – စာစောင်အတွက် အကူငွေ လှူဒါန်းကြလို့ ပြောလိုက်တာနဲ့ ဒကာ/မတွေလည်း အားတက်သရော လှူဒါန်းတာကို တွေ့ရပါတယ်။ အဲသလို ပအိုဝ်းဘုန်းကြီးနဲ့ ဒကာတွေ အမြင်ကျယ်တဲ့ အတွက်ကြောင့် ပအိုဝ်းစာပေရေးရာအတွက် တွန်းအားကြီး တစ်ရပ်ပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အားပေးမှုကတော့ သူ့နယ်ကိုယ်စားနဲ့သူ အနည်းအများ ရှိကြပါတယ်။ အချို့သော ပုဂ္ဂိုလ်များက စာစောင်အထဲက အကြောင်းအရာတွေကို စိတ်ဝင်တစား သိချင်လို့၊ ဗဟုသုတရချင်လို့ အားပေးတာရှိတယ်။ တချို့လည်း ကာတွန်း ကြည့်ချင်လို့၊ မျက်နှာဖုံးလှလို့ ၀ယ်အားပေးတာရှိတယ်။ တချို့လည်း ပွဲနဲ့ကြုံတုန်း အမှတ်တရ အပျော်သဘောနဲ့ ၀ယ်ယူအားပေးတာရှိတယ်။ တချို့လည်း မျိုးချစ်စိတ်ဓာတ် အပြည့် စာပေကို အားပေးတဲ့သဘောနဲ့ ၀ယ်ယူအားပေးတာမျိုး ရှိတယ်။ အမျိုမျိုးပါပဲ။


ပအိုဝ်းမောင်းမွူးခံဂျာနယ်

ယခုနှစ်မှာတော့ အထူးခြားဆုံးအားဖြင့် ပီအဲဉ်အိုအဖွဲ့ ဖြားခွန်ပညာဗုတ်တို့ ဦးစီးပြီး ပအိုဝ်းစာရေးဆရာအဖွဲ့ကို ဖွဲ့စည်းတယ်လို့ ကြားသိရပါတယ်။ အဲဒီမတိုင်ခင် တရားဝင်အနေနဲ့ ပအိုဝ်းပထမဆုံး ဂျာနယ်ဖြစ် တဲ့ မောင်းမွူးခံဂျာနယ်ကို အဲဒီပီအဲဉ်အို အဖွဲ့ချုပ်ရုံးကနေ လစဉ်ထုတ်တာကို တွေ့ရပါတယ်။ အင်မတန် ကောင်းမွန်တဲ့ အစီအစဉ်ပါ။ ၂၀၁၀-ခုနှစ် ရွေးကောက်ပွဲ အကြို မဲဆွယ်ကာလကတည်းက ထုတ်ဝေတာ ဖြစ် ပါတယ်။ ပါတီအောင်နိုင်ရေးအတွက် ဂျာနယ်ကနေတဆင့် တင်ပြထားတာမို့လို့ စည်းရုံးရေး အတော်လေး ကောင်းမွန်ခဲ့ပါတယ်။ ပီအဲဉ်အိုအဖွဲ့ အာဘော်လို့ အများက သိထားကြပါတယ်။ နိုင်ငံရေး၊ လူမှုရေး၊ ဖွံ့ဖြိုးရေး၊ ကျန်းမာရေး၊ ပညာရေး၊ သုတ ပညာပေးကဏ္ဍ စသည်အားဖြင့် စုံစုံလင်လင် ဓာတ်ပုံဝေေ၀ဆာဆာနဲ့ ထုတ်ဝေထားတဲ့အတွက် ပအိုဝ်းလူထုတွေ အတော်လေး သဘောကျ ကြိုက်နှစ်သက်ကြပါတယ်။ စထွက်တုန်းက ဆိုရင် ပအိုဝ်းဒေသအသီးသီးက ပအိုဝ်းဘုန်းကြီးကျောင်း၊ စာကြည့်တိုက်၊ ပီအဲဉ်အိုရုံး(တိုင်း)နဲ့ ပြန်/ဆက် ဌာနတွေကို အခမဲ့ ဖြန့်ဝေပေးတယ်လို့ သိရတယ်။ ကျန်ရှိတာ မတွေ့ရသလောက် ရောင်းအားက သိပ်ကောင်း ပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာ မထုတ်ဖြစ်ပဲ ခဏရပ်ထားတယ်လို့ သိရတယ်။ ပီအဲဉ်အို အဖွဲ့ချုပ်ရုံးက တာဝန်ရှိသူကို မေးကြည့်တော့ မကြာမီ ပြန်ထုတ်လိမ့်မယ်လို့ ပြောပါတယ်။ ဒါလည်း ၀မ်းသာစရာ သတင်းကောင်းတစ်ခုပါပဲ။ မောင်းမွူးခံ ဂျာနယ်ပရိသတ်များ မျှော်လင့် စောင့်စားကြပါလို့ ပြောပါရစေ။


စာစောင်သစ်များ

စာဖတ်ပရိသတ်တွေ လက်ခံကြတဲ့ စာစောင်သစ်တွေကတော့ တောင်ကြီးမြို့ တောင်ဘက်က ပုံဆွေပင်ဆရာတော် ဦးစီးတဲ့ တဒဲုင်ခံစာစောင်၊ ကျောက်တလုံးမြို့ ပိဋကတ်ဗိမာန် အောင်ဓမ္မစေတီတော် အထိမ်းအမှတ် အနေနဲ့ အောင်ဓမ္မစေတီစာစောင် နောက်ပြီး ဆီဆိုင်မြို့နယ်က ထုတ်တဲ့ တရာရောင်းခစာစောင်၊ အဲဒီစာစောင်က ဘာသာရေး အမျိုးအစားပါပဲ။ ဆီဆိုင်မြို့ ဇ၀နာရာမစာသင်တိုက်က ဆရာတော်ဦးကောဝိဒ ဦးစီး တည်းဖြတ်တာ ဖြစ်တယ်။ လောလောလတ်လတ် သင်္ကြန်အပြီးမှာ ပအိုဝ်းပိဋကတ်ဘာသာပြန်အသင်းက ဆရာတော်ဦးစန္ဒာဝရ ဦးစီးတည်းဖြတ်တဲ့ ပအိုဝ်းပိဋကတ်စာစောင်လည်း ထွက်ခဲ့ပါသေးတယ်။ နှစ်စဉ်အလိုက် ကျင်းပတဲ့ ပအိုဝ်းစာပေ ဗဟိုဆရာဖြစ်သင်တန်း (ဗဟိုသွဉ်တန်)ပွဲမှာလည်း အမှတ်တရအနေနဲ့ သွဉ်တန်သက်သေ၊ သွဉ်တန်လက်ဆောင် ဆိုပြီး ထုတ်တာမျိုးလည်း ရှိပါတယ်။


ပအိုဝ်းစာစောင်အမည်များ

ပအိုဝ်းစာစောင်တွေကို လက်လှမ်းမီသလောက် တင်ပြရမယ်ဆိုရင် ဒဲဉ်သီးလက်ဆောင်၊ လိတ်လဲုင်ဥယျာဉ်၊ စန္တားလာရောင်း၊ တဒဲုင်ခံ၊ မျင်မိုရ်စော့ဗန်၊ လွီးဟွမ်စွုမ်းသရား၊ မျင်မိုရ်ဟေ့မွံတဲုင်၊ ဒဲဉ်သီးကောဝ်ဟွမ်၊ ဒဲဉ်သီးငေါဝ်းခြီခြောဝ်၊ မဟာနွယ်း၊ ရောင်းစွုမ်းအားရဲင်၊ ခမ်းရောင်စိုး၊ ထာဝရလာရောင်း စသဖြင့်ပါပဲ။ ကျန်တာလည်း ရှိပါသေးတယ်။ နောက်ပြီး ကဗျာတွေလည်း ထွက်ဖြစ်ကြပါတယ်။ ခွန်တင်ညီး(လွယ်ခံ)နဲ့ ခွန်ရာဇာ(လွယ်ခံ)တို့ ထုတ်တဲ့ ကဗျာတွေက များတယ်။ အခြား တရားဟော၊ ဆုပေး စာအုပ်တွေလည်း အကြောင်းအားလျော်စွာ ထုတ်ကြပါတယ်။


ပုံနှိပ်စက်တင်ရာ ဌာန

အခု ပအိုဝ်းစာစောင်တွေ ထုတ်တဲ့ပုံစံက ကိုယ့်နယ်အသီးသီးမှာ ရောက်လာတဲ့စာမူတွေကို ကွန်ပျူတာစာစီကြတယ်။ ဒီဇိုင်းတွေက အစပေါ့။ ပြီးတာနဲ့ ရန်ကုန်က မြရတနာပုံနှိပ်တိုက် (မနု)ဆီမှာ အပ်ကြတာ များတယ်။ ရန်ကုန်ကနေ ကားနဲ့တင်ပို့ခိုင်း ရှမ်းပြည်ကနေ စောင့်ရုံပဲ။ စန္တာလာရောင်းစာစောင်ကတော့ ပအိုဝ်းလူမျိုး ဦးခွန်လှတင်ရဲ့ ကိုယ်ပိုင် ၀င်းဝင်းကျော်ပုံနှိပ်တိုက်မှာ အပ်တယ်လို့ သိရတယ်။ နောက်ပြီး တောင်ကျောင်ကြီးက ပအိုဝ်းစာပုံနှိပ်တိုက်နဲ့ ခမ်းနိန်းကောင် ပုံနှိပ်တိုက်မှာလည်း အပ်ကြပါတယ်။


ပအိုဝ်းစာစောင်များ အားထားရာ

ပထမတောင်ကျောင်းကြီးက ဆရာတော် ဦးဝိဇ္ဇာနန္ဒဆိုတာ ရှိပါတယ်။ စာစောင်အသစ် ထွက်တာမှန်သမျှ သူ့ဆီမှာ သူလိုသလောက် သင့်တော်တဲ့နှုန်းထားနဲ့ သွားသွင်းရပါတယ်။ ငွေလက်ငင်း အားလုံးမရသည့်တိုင် ထက်ဝက်တော့ ရစမြဲပါပဲ။ စာအုပ်ထုတ်ဝေတဲ့သူတွေ စာအုပ်စွံဖို့အတွက် မှီခိုအားထားရာ နေရာပဲဖြစ်တယ်။ ဆိုင်ကဖြစ်စေ၊ ပွဲအတွင်း စာစောင်ရောင်းချင်တဲ့သူဖြစ်စေ အဲဒီဆရာတော်ထံမှာ သွားယူပြီး တဆင့် ရောင်းချကြပါတယ်။ ဒီလိုနည်းနဲ့လည်း ကိုယ်ရဲ့စာစောင်ဟာ စာဖတ်သူလက်ထဲ ရောက်သွားစေပါတယ်။ ရောင်းလို့မကုန်တဲ့ စာစောင်တွေကို ထုတ်ပိုးပြီး ပအိုဝ်းနယ်ပယ်အသီးသီးက ဘုန်းကြီးကျောင်းတွေဆီ လှူပါတယ်။ ပြန်ပြီးတော့လည်း ငွေဝတ္ထု အလှူခံပါတယ်။ အဲဒီကနေ ရတဲ့ ငွေအလှူနဲ့ စာစောင်အသစ်တွေကို ၀ယ်ရခြင်းဖြစ်ပါတယ်။

ဆရာတော်ကြီးရဲ့ နည်းစနစ်ဟာ အမျိုးဘာသာနဲ့ စာပေရေးရာအတွက် စံနမူနာ-လို့ ပြောရမှာဖြစ်ပါတယ်။ ဒါပေမယ့် ပအိုဝ်းစာစောင်သမားတွေရဲ့ အသက်သခင် ကျေးဇူးရှင်ကြီးဖြစ်တဲ့ အဲဒီဆရာတော်ကြီးဟာ မကြာသေးမီ ၁၃၇၄၊ ကဆုန်လပိုင်းအတွင်း ဘ၀နတ်ထံ ပြန်လွန်တော်မူသွားခဲ့ပါပြီ။ ဒါဟာ ပအိုဝ်းစာနယ်ဇင်း စာပေလောကအတွက် အစားထိုးမရတဲ့ ၀မ်းနည်းဆုံးရှုံးမှုကြီး ဖြစ်ပါတယ်။ သည်ဆရာတော်ရဲ့ တာဝန်အ၀၀ကို အဘယ်ပုဂ္ဂိုလ်က ဆက်ယူမလဲ ဆိုတာကတော့ မပြောတတ်သေးပါ။ (စကားချပ် – ယခု ကျွန်တော် ရေးသားတင်ပြအပ်တဲ့ ပအိုဝ်း စာနယ်ဇင်းလောက -ဆိုတဲ့ စာမူနဲ့ ဆရာတော်ဦးဝိဇ္ဇာနန္ဒအား ရည်ညွှန်း ဂုဏ်ပြုအပ်ပါတယ်။)


ပအိုဝ်းစာရေးဆရာများ

စာစောင်တွေမှာ ရေးကြတဲ့ ပအိုဝ်းစာရေးဆရာတွေဟာ ဘုန်းကြီးဦးဇင်းတွေက ပိုပြီးများပါတယ်။ ဒါပေမယ့် လူပုဂ္ဂိုလ် စာရေးဆရာလည်း ရှိပါတယ်။ အဲဒီထဲမှာ ဘုန်းကြီးဦးဇင်းလူထွက် စာရေးဆရာတွေ မနည်းပါဘူး။ ထူးခြားတာကတော့ ပအိုဝ်းစာရေးဆရာတွေဟာ ဘယ်ပအိုဝ်းစာစောင်ကိုပဲပို့ပို့ စာမူခရတာ မကြားဖူးသေးဘူး။ အမျိုးဘာသာ စာပေ ထွန်းကားဖို့အတွက် အခမဲ့ ရေးကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာပေါ်မှာ စာမူခ မရတဲ့ စာရေးဆရာများကို ညွှန်ပြရရင် ပအိုဝ်းစာရေးဆရာတွေကိုပဲ ညွန်ပြရမှာ ဖြစ်ပါတယ်။

ထင်ရှားတဲ့ နာမည်ကြီးသမ္ဘာရင့် ပအိုဝ်းစာရေးဆရာကတော့ ဆီဆိုင်ဆရာတော် ဦးကောဝိဒ၊ မောင်ခွန်နွယ်၊ ခွန်ရာမ၊ ခွန်ကုဝေ၊ ခွန်အာကာ၊ ခွန်မွူးလေ၊ ကျုံးခွန်လှကျော်၊ ခွန်ဆယ်ခွန်(ခွန်ဦကာ)၊ ဖြားခွန်မောင်တုတ်၊ ခွန်ပညာဗုတ်၊ ဦးခွန်စိန်ဝင်း၊ ခွန်စောက်အား၊ သုစိတ်ခွန်၊ ခွန်ဟန်ဇော်ထွန်း၊ ခွန်ဆိုင်း-ထီဗိ၊ ခွန်ဝိဇ္ဇာဇော်ဂျီစသဖြင့် အများကြီးပါပဲ။

လူငယ်ပိုင်း စာရေးဆရာကို ပြောရရင် ခွန်တရာ၊ ခွန်နောင်းဝေး၊ ဗွေးစန္ဒာဝရ၊ ဗွေးသုမန၊ ခွန်ခွုံးခေင်း၊ ခွန်လျာသန်း၊ ခွန်သုကာ၊ ခွန်မျိုမျတ်၊ ခွန်ဂျာဒိုး၊ ခွန်သုတ၊ ခွန်အားမာန်၊ ခွန်နောင်းလေး၊ ခွန်ဒိုရေး၊ ခွန်ဖူးမောင်၊ ခွန်ဆုဟောဝ်၊ စန္တားခွန်ဗုဒ်၊ ဝေးခွန်သာ၊ ခွန်ရေမိုးအောင်၊ ခွန်ဗေဟွမ်၊ ခွန်မျတ်ခမ်း၊ စန္တားခွန်ကုမာရ်၊ ခွန်ပညာပို၊ နင်ငဲးရက်လွို၊ ခွန်အောင်မွေး၊ ခွန်ဒီရေ-ရတနာရန်နိုင်၊ ခွန်ဟောဝ်စု၊ ခွန်ဟောဝ်စား တွေပဲဖြစ်ပါတယ်။ ကျန်တာတွေလည်း အများကြီး ရှိပါသေးတယ်။


စာပေအကြောင်းအရာ

ပအိုဝ်းစာစောင်တွေ ထဲမှာ အများဆုံး တွေ့ရတာကတော့ ရာဇ၀င် သမိုင်း၊ ပေးစာကဏ္ဍ၊ ဟာသ၊ ဘာသာရေး၊ အတ္ထုပ္ပတ္တိ၊ လေးလုံးစပ်ကဗျာ၊ ရိုးရာကဗျာ၊ အချစ်ဝတ္ထုတို၊ စီးပွားရေး၊ ဗေဒင်၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ ပညာရေး၊ နိုင်ငံရေးနဲ့ ဆိုင်တဲ့ ဆောင်းပါးတွေ၊ ဒဿန၊ တက်ကျမ်း၊ ငေါဝ်းတဲက်၊ စာညွန့်၊ မြန်မာဘာသာပြန်၊ ပြဇာတ်တွေ ဖြစ်ပါတယ်။ ရသစာပေဆိုင်ရာ ၀တ္ထုတိုတွေ၊ လုံးချင်းဝတ္ထု၊ ခရီးသွားစာပေတွေနဲ့ နိုင်ငံခြားစာပေ ဘာသာပြန်တွေဖက်မှာ သိပ်ကိုအားနည်းနေသေးတာ တွေ့ရပါတယ်။ ဒါပေမယ့် ခေတ်ပေါ် မော်ဒန်ကဗျာကတော့ လောလောဆယ်မှာ ပအိုဝ်း စာဖတ်ပရိသတ်တွေနဲ့ စိမ်းနေသေးတယ်၊ လက်မခံသေးဘူး။ ဘာပဲဖြစ်ဖြစ် အခြားသော တိုင်းရင်းသား ငယ်များနဲ့ ယှဉ်လိုက်ရင် ပအိုဝ်း စာပေလောကအနေနဲ့ တိုးတက်တယ်လို့ ဆိုရမှာဖြစ်တယ်။ တိုးတက်မယ့် အလားအလာတွေ အများကြီး ရှိပါတယ်။


သုံးသပ်ချက်

ယခု လက်ရှိအထိတိုင် ရှေ့သို့ ချီတက်နေဆဲဖြစ်တဲ့ ပအိုဝ်းစာနယ်ဇင်းလောက အခြေအနေတွေကတော့ အပေါ်က အတိုင်းပါပဲ။ အရိပ်အမြွက်လောက်ပဲ ဖြစ်ပါတယ်။ များသောအားဖြင့် မျိုးချစ်စိတ်ဓာတ်အခြေခံပြီး စာပေ၀ါသနာပါကြတဲ့ ဘုန်းကြီးဦးဇင်းတွေက တစ်ပိုင်တစ်နိုင် သူ့နည်းသူ့ဟန်နဲ့ ဦးဆောင်နေကြတာကို တွေ့ရပါတယ်။ ဌာနဆိုင်ရာ အဖွဲ့အစည်းက ကျောထောက်နောက်ခံ ထုတ်ဝေတာဆိုလို့ မောင်းမွူးခံဂျာနယ်နဲ့ ပအိုဝ်းပိဋကတ် စာစောင်ပဲ ဖြစ်ပါတယ်။ မြန်မာဘာသာလို အပတ်စဉ် ထုတ်ဝေတာမျိုး မရှိသေးပါဘူး၊ ရှိရင်လည်း စာဖတ်ပရိသတ် အမာခံအင်အား တောင့်တင်းရပါမယ်။ ငွေကြေး အမာခံလည်း ရှိရပါမယ်။ လစဉ်ကတော့ မောင်းမွူးခံဂျာနယ် ထုတ်ဝေနေတာကို တွေ့ရပါတယ်။ ဒီလို ထွက်နိုင်တာကိုက အားလုံး ကြိုဆိုအားပေးရမှာပါ။

တစ်နှစ်မှာ တစ်စောင်သာ ထုတ်ဝေတဲ့ စာစောင်တွေလည်း လစဉ် မထုတ်နိုင်ရင်တောင် တစ်နှစ်ကို (၃/၄)စောင် ထွက်နိုင်အောင် ကြိုးစားရပါမယ်။ ငွေရေးကြေးရေး ကူညီဖို့နဲ့ စာဖတ်သူတွေများအောင် စည်းရုံးရပါဦးမယ်။ အချို့သော သူဋ္ဌေး ပအိုဝ်းပွဲစားများဆိုရင် ကိုယ်အမျိုးသားရဲ့စာပေရေးရာတွေမှာ တတ်နိုင်သလောက် ထောက်ပံ့ကူညီသင့်ပါတယ်။ စာဖတ်သူတွေ များလာအောင်တော့ နယ်အသီးသီး စာကြည့်တိုက်တွေ အခွံအလွတ် မထားပဲ၊ စာအုပ်တွေ ထားဖို့၊ စာကြည့်ကြဖို့၊ ဘုန်းကြီးနဲ့ ဒကာ လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်သင့်ပါတယ်။ ဒါမှသာလျှင် ပအိုဝ်းစာနယ်ဇင်းလောက တိုးတက်အောင်မြင်နိုင်မှာ ဖြစ်တယ်။ ပအိုဝ်းတိုင်းရင်းသားတွေလည်း စာပေကရလာတဲ့ အသိပညာ ဗဟုသုတ အကျိုးရလဒ်တွေကို သိရှိ ခံစား နိုင်လိမ့်မယ်ဆိုတဲ့အကြောင်း စေတနာ မေတ္တာနဲ့ တင်ပြလိုက်ရပါတယ်။

5 comments:

admin@paomagazine said...

ပအိုဝ်းစာပေရေးရာနဲ့ ပတ်သက်ပြီး များများဝေဖန်သုံးသပ်တာကောင်းပါတယ်။
ဘယ်မှာလုပ်စရာရှိတယ်။
ဘယ်လိုဆက်လုပ်ရမယ်။
စာပေသည့် လူမျိုးအသက်သွေးပင်ဖြစ်သည်။
ခွန်မွေး(ခေတ ယပလက်)

Mary Grace said...

Hi your blogs looks so impormative and interesting.would you come and visit us back too
http://motors.com.mm/?utm_campaign=mot_mm_lb_blog_mgesc&utm_source=mot_lb_blog&utm_medium=lb_blog

ခမ်းဟော်ခွန် said...

ပအိုဝ်းစာပေလောကကို အကျိုးဖြစ်ထွန်းစေတဲ့
ုခုလိုဆောင်းပါးမျိုး များများ တင်ပေးသင့်ပါတယ်။စွမ်းနိုင်သူတွေကလဲ များများရေးသင့်ပါတယ်။ မျိုးဆက်သစ်လူငယ်တွေ ရေးကြပါလို့ တိုက်တွန်းပါတယ်

thitsa said...

စိတ်ဝင်စားလို့ လေ့လာကြည့်မယ်နော်။

thitsa said...

စိတ်ဝင်စားလို့ လေ့လာကြည့်မယ်နော်။