တောင်ကြီးမြို့တရားရုံးမှ ထူးဆန်းသောအမှုကြီး (အပိုင်း-၂)

ဖေဖေါ်ဝါရီလ ၅ ရက်၊ ၂၀၁၃ ခု

ပြီးခဲ့တဲ့အပတ်က "တောင်ကြီးမြို့တရားရုံးမှ ထူးဆန်းသောအမှုကြီး" ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ် ရေးပြီးဖြစ်ပါတယ်။

အခု အဲဒီအမှု (ပြစ်အမှတ် ၄၆၆၈/၂၀၁၀) နဲ့ပတ်သက်ပြီး တရားလိုမြေးလုပ်သူ ခွန်သီဟန်က တစ်အိမ်တည်းနေ ကျေးဇူးရှင် အဖိုးအရင်းကို ထောင်ကျအောင် ရဲ၊ ရှေ့နေတွေနဲ့ ပေါင်းပြီး ဘယ်လိုကလဖန်ထိုးသလဲဆိုတာကို သက်ကြီးရွယ်အို မိဘ ဘိုးဘွားတွေ၊ တစ်နေ့ မိဘ ဘိုးဘွားဖြစ်လာမယ့်သူတွေကို သတိပေးချင်လို့ ဒီစာတမ်းကို ရေးသားလိုက်ရတာပါ။

ယနေ့ ဆိုးသွမ်းလူငယ်တွေကို အားပေးအားမြှောက်ပြုတဲ့ စာတမ်းမဟုတ်ပါ။

အပြင်သွားနေလို့ အိမ်ကို သော့ခတ်ခဲ့တဲ့ အသက် ၈၀ ကျော် အဖိုးအရင်းကို အိမ်ပြန်လာတဲ့၊ အိမ်ထဲဝင်မရတဲ့ မြေးဖြစ်သူ ခွန်သီဟန်က ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၃၄၁ မတရားတားဆီးမှုနဲ့ တရားစွဲတဲ့အမှုပါ။

ဒီအမှုကြီးရဲ့ဇာတ်လမ်း စကတည်းကိုက ရိုးသားမှုမရှိဘူးဆိုတာ သိပ်ပေါ်လွင်ပါတယ်။တစ်နေ့လုပ်မှတစ်နေ့စားရတဲ့၊ ပိုက်ဆံမရှိသူမြေးက အဖိုးဖြစ်သူကို ဒီပုံစံမျိုး တရားစွဲရင် ရဲစခန်းကရော၊ တရားရုံးကပါ အမှုလက်ခံမှာ မဟုတ်ပါဘူး။ (ရေမထွက်လို့လေ) အခုဟာက မြေးလုပ်သူက ပုဂ္ဂလိကဆေးရုံပိုင်ရှင်ကြီးလေ။ ရဲတွေ၊ ရှေ့နေတွေ၊ ဥပဒေအရာရှိ၊ တရားသူကြီးတွေအကြိုက် စားကြောဝါးကြောကြီးပေါ့။

တကယ်တော့ ဒီဆေးရုံကြီး ဖြစ်မြောက်လာဖို့အတွက် အဖိုးကြီးရဲ့ ငွေကြေးအကူအညီ အထောက်အပံ့တွေ မကင်းခဲ့ပါဘူး။ ကျေးဇူးကန်းပုံ ပြောပါတယ်။

အခုချိန်မှာ အဖိုးကြီးက အသက်လည်းကြီး၊ မရှာနိုင်မဖွေနိုင်၊ မသန်မစွမ်းနဲ့ အိုမင်းလို့ မစွမ်းတော့တဲ့ အခြေအနေမှာပါ။ အဖိုးကြီးနဲ့ကျွန်တော် (စာရေးသူ) တွေ့ရတဲ့အချိန်မှာ "ငါ့အဖေသာဖြစ်ရင်" ဆိုတဲ့အတွေးနဲ့ တွေးမိပြီး ကျွန်တော် မျက်ရည်လည်မိပါတယ်။ တစ်ခေါင်းလုံးရှိ ဆံပင်တွေက ဖြူဖွေးဆွတ်နေပြီ။

အထိုင်အထမှာ ဘေးကလူနှစ်ယောက်မှ မထူရင် မထိုင်မထနိုင်တော့တဲ့ အခြေအနေ။ "ကျွန်တော် အခု အသက် ၈၂ နှစ်ရှိပြီ။ တစ်ခါမှ တရားရုံးမရောက်ဖူးဘူး။ အခု မြေးက တရားစွဲမှပဲ တရားရုံးကို ရောက်ရတော့တယ်" ဟုပြောရှာ၏။

"တရားရုံးမှာ ကျွန်တော့ သားလောက်အရွယ်ရှိတဲ့ တရားသူကြီး ဦးစောလွင် ဟောက်တာကိုလဲ ခံရတယ်" ဟုမျက်နှာသူငယ်လေးနှင့် ပြောရှာ၏။ "ကျွန်တော့အိမ်နဲ့ ကျွန်တော်ပဲလေ။ မြေးကို တံခါးဖွင့်မပေးနိုင်တာ ကျွန်တော့မှာအပြစ်ရှိသလား။ တရားသူကြီး ကျွန်တော့ကို ဘာဖြစ်လို့ ပြစ်ဒဏ်ချရတာလဲ"

အကျင့်ပျက်ခြစားနေကြသော၊ ငွေများလျှင်တရားနိုင်သော ခေတ်၏အခြေအနေကို မသိရှာသဖြင့် ထိုသို့ ကျွန်တော့ကို မေးလာ၏။ ကျွန်တော် ဘယ်လိုဖြေရမှာလဲ။ ဒါကြောင့် ပြစ်မှုဆိုင်ရာ ဥပဒေစာအုပ်ကို ရှာဖွေဖတ်ကြည့်လိုက်တယ်။

ပုဒ်မ-၃၃၉ မှာ မတရားတားဆီးကန့်ကွက်မှု ဆိုတဲ့ ခေါင်းစဉ်နဲ့ အဓိပ္ပါယ်ဖွင့်ဆိုထားတာက ---
"တစ်ဦးတစ်ယောက်သောသူ သွားလာပိုင်ခွင့်ရှိသောအရပ်သို့ မသွားမလာရအောင် တားဆီးရန် မည်သူမဆို၊ ထိုသူအား မိမိအလိုအလျေက် ပိတ်ပင်လျှင်၊ ထိုပိတ်ပင်သူသည် မတရားတားဆီး ကန့်ကွက်သည် မည်၏"

ကင်းလွတ်ချက် ။ ။ ကုန်းတွင်ဖြစ်စေ၊ ရေတွင်ဖြစ်စေ ကိုယ်ပိုင်လမ်းကို တရားသဖြင့် ပိတ်ပင်ခွင့်ရှိသည်ဟု သဘောရိုးနှင့် ယုံကြည်၍ ပိတ်ပင်ခြင်းသည် ဤပုဒ်မ၏ အဓိပ္ပါယ်တွင် အကျူံးဝင်သော ပြစ်မှုမဟုတ်။"

ပုဒ်မ-၃၄၁ မတရားတားဆီးကန့််ကွက်မှုအတွက် ပြစ်ဒဏ်။
"မည်သူမဆို တစ်ဦးတစ်ယောက်သောသူကို မတရားတားဆီးကန့်ကွက်လျှင်၊ ထိုသူကို တစ်လအထိ အလုပ်မဲ့ထောင်ဒဏ်ဖြစ်စေ၊ ၅၀၀ ကျပ်အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။" လို့ ဆိုထားပါတယ်။

အဲဒီဖွင့်ဆိုချက်ကို ကြည့်ပြီး ဒီအဖိုးကြီးအမှုမှာ မြေးလုပ်သူက ရဲ၊ ရှေ့နေ၊ ဥပဒေအရာရှိ၊ တရားသူကြီးတွေနဲ့ ပေါင်းပြီး အဖိုးကြီးထောင်ကျအောင် အကွက်ဆင်ချက်ကို မိဘ ဘိုးဘွားများ သတိထားရအောင် ကျွန်တော် တင်ပြပါ့မယ်။

ပထမအချက်က --
"တစ်ဦးတစ်ယောက်သောသူ သွားလာပိုင်ခွင့်ရှိသောအရပ်" လို့ ဆိုထားပါတယ်။ ဒီအချက် အကျူံးဝင်အောင် မြေးလုပ်သူက အဖိုးပိုင်တဲ့ အိမ်မှာနေထိုင်လာခဲ့တာ မွေးကတည်းက စပြီး

အခု အသက် ၂၁ နှစ် ရှိတဲ့အထိဖြစ်ကြောင်း ထွက်ဆိုထားတယ်။ (ရဲနဲ့ ရှေ့နေက သင်ထားပေးတာလေ) ဒါကြောင့် အဖိုးရဲ့အိမ်ဟာ သူအမြဲသွားလာပိုင်ခွင့်ရှိတဲ့အရပ် ဖြစ်သွားတာပေါ့နော်။

ကျွန်တော် (စာရေးသူ) ဆိုရင် အိမ်ထောင်မကျသေးတော့ ကျွန်တော့အဖေအိမ်မှာ နေလာတာအခု အသက် ၂၈ နှစ်ရှိပြီ။ အဖေနဲ့ စိတ်အခန့်မသင့်လို့ အိမ်ပေါ်က မောင်းချခံရဖူးပါတယ်။ ဆင်းရတာပဲ။

တစ်ခါက ညအိမ်ပြန်ညဉ့်နက်လို့ အဖေကအိမ်ထဲပေးမ၀င်ဘူး၊ တံခါးဖွင့်မပေးဘူး။ အဲဒီတုံးက သူငယ်ချင်းအိမ်မှာ ရက်တော်တော်ကြာ သွားနေခဲ့ရဖူးတယ်။ ဒီလို တရားစွဲလို့ ရမှန်းမသိခဲ့ဘူး။

မိဘ ဘိုးဘွားများ သတိထားကြပါ။ တချို့ ကိုယ့်သားသမီးကို စိတ်ဆိုးပြီး "သွား--- ငါ့အိမ်ပေါ်က ဆင်း၊ ပြန်မလာနဲ့၊ ငါ့အိမ်ရိပ်ကိုတောင် မနင်းနဲ့" လို့ ကြိမ်းမောင်းတတ်တဲ့ မိဘတွေ ဦးစောလွင်လို၊ ဒေါ်အေးသန်းလို တရားသူကြီးနဲ့ တွေ့ရင် ထောင်တောင်ကျနိုင်တယ်နော။ ထူးဆန်းတယ်နော်။

တစ်ကယ်တမ်း စေ့စေ့ပေါက်ပေါက် စိစစ်ကြည့်မယ်ဆိုရင် ကင်းလွတ်ချက်မှာ ပါတာက "ကိုယ်ပိုင်လမ်းကို တရားသဖြင့် ပိတ်ပင်ခွင့်ရှိသည်" ဆိုတာ ပါတယ်လေ။ အခုအိမ်က အဖိုးကြီးပိုင်တဲ့အိမ် မဟုတ်လား။ ကင်းလွတ်ခွင့်ရသင့်တာပေါ့နော်။

ဒါပေမယ့် သိတယ်မဟုတ်လား။ လာဘ်ငွေလေ။ သတ်မှတ်ထားတဲ့ ဥပဒေရဲ့ကင်းလွတ်ချက်ဟာ လာဘ်ငွေကို ဘယ်လိုနည်းနဲ့မှ မကျော်လွားနိုင်ပါဘူး။

ဒုတိယအချက်က --
ကင်းလွတ်ချက်မှာ ဖော်ပြထားတာက "သဘောရိုးနှင့် ယုံကြည်၍ ပိတ်ပင်ခြင်းသည် ဤပုဒ်မ၏ အဓိပ္ပါယ်တွင် အကျူံးဝင်သောပြစ်မှုမဟုတ်" ဆိုတာ ပါတယ်။

ဒီတော့ အဖိုးဖြစ်သူ ပြစ်ဒဏ်ကျအောင် မြေးဖက်က ရဲ၊ ရှေ့နေနဲ့ ဥပဒေအရာရှိတွေက အဖိုးလုပ်သူ အပြင်သွားလို့ အိမ်ကိုသော့ခတ်တာ ခတ်တဲ့သော့က သော့အသစ်နဲ့ ပြောင်းခတ်တယ်ဆိုပြီး ဥပဒေဘောင် ၀င်အောင် အဖိုးကြီးကို ဆော်တော့တာပဲ။

ဆိုလိုတာက သဘောရိုးမဟုတ်ဘူးပေါ့။ (ပိုင်တယ်နော်) တကယ့်ဇာတ်လမ်းအမှန်က အဖိုးကြီး သော့အသစ် လုံးဝမခတ်ရပါဘူး။ ကလဖန်ထိုးကြပုံပြောပါတယ်။ သော့အသစ်ဖြစ်ကြောင်းကိုလည်း တရားလို၊ တရားခံ၊ လိုပြ၊ ခံပြ သက်သေတွေကို စစ်ဆေးရာမှာလည်း သော့အသစ်ခတ်ကြောင်း မပေါ်ပေါက်ပါဘူး။ သော့အသစ် အဟောင်းမသိကြောင်း၊ တရားလိုက ပြော၍သာသိရကြောင်း လိုပြသက်သေတွေက ထွက်ဆိုကြပါတယ်။

(မိဘ ဘိုးဘွားများ သတိထားကြပါ။ အပြင်သွားလို့ အိမ်ကို သော့ခတ်မယ်ဆိုရင် ယောင်မှားလို့များ သော့အသစ် မခတ်မိကြပါစေနဲ့။ အခန့်မသင့်လျှင် ထောင်ကျနိုင်သည်။ "ငါပိုင်တဲ့ အိမ်ပဲ၊ ငါကြိုက်တဲ့ သော့နဲ့ ခတ်မှာပေါ့" ဆိုသူများ သတိထားကြပါ။)

ဒီသော့ အသစ်ကိစ္စနဲ့ ပတ်သက်ပြီး အဖိုးဖြစ်သူ ပြစ်ဒဏ်ကျအောင် ခွန်သီဟန်က ရုံးတော်သို့ ဓာတ်ပုံများဖြင့် ဝေေ၀ဆာဆာ သက်သေခံ တင်ပြထားတာတွေ့ရတယ်။

အိမ်ဝင်းထဲ ၀င်တဲ့ခြံတံခါးသော့၊ အိမ်အောက်ထပ်သို့ ၀င်သော သံဘာဂျာတံခါး ၂ ခုရဲ့သော့၊ အိမ်အပေါ်ထပ်သို့ တက်သော လှေကားထိပ်ရှိ သံဘာဂျာတံခါးသော့၊ အပေါ်ထပ် အိမ်မကြီးအတွင်းသို့ ၀င်သောတံခါးသော့၊ ခတ်ထားပုံများ ရိုက်ကူးတင်ပြထားတယ်။

ဒီမှာ ထူးဆန်းနေတာက အိမ်ဝင်းထဲ ၀င်မရလို့ အဖိုးဖြစ်သူကို တရားစွဲတဲ့ မြေးက အိမ်ထဲဝင်ပြီး ဓာတ်ပုံကို ဘယ်လိုရိုက်သွားမှန်းမသိဘူး။

ဒီအချက်ကို တရားသူကြီး ဘာလို့ ထည့်မစဉ်းစားတာလဲ။ နောက် ဓာတ်ပုံတွေမှာ ရက်စွဲပါနေတယ်။ ၁၅-၉-၂၀၁၀ တဲ့။ အခင်း စဖြစ်တဲ့နေ့က ၂၃-၉-၂၀၁၀။ ဒီအချက်က ဘာကို ဖော်ပြသလဲဆိုရင် မြေးက အဖိုးကို တရားစွဲဖို့ ကြိုတင်ပြင်ဆင်ထားပုံရတယ်။

နောက် အခင်းဖြစ်တဲ့နေ့က မြေးလုပ်သူ အိမ်ကိုပြန်လာလို့ ၀င်မရတဲ့အချိန်က ၂၃-၉-၂၀၁၀ နေ့လည်ခင်း ၁ နာရီခွဲတဲ့။ ၀င်မရလို့ ရ-ယ-က ကို တိုင်တဲ့ အချိန်က ၂၃-၉-၂၀၁၀ နံနက် ၁၀ နာရီခွဲတဲ့။ တရားလိုရဲ့ ထွက်ချက်မှာ ဖတ်ရတာ။ ဒါကိုလည်း တရားခံရှေ့နေက ထောက်ပြပါတယ်။ တရားသူကြီး ဒေါ်အေးသန်း ဂရုမစိုက်ပါဘူး။ အဖိုးကြီးကို ပြစ်ဒဏ်ချလိုက်တော့တာပဲ။

ဒီတရားသူကြီးကို တရားခံနဲ့ ခံပြသက်သေတွေကို မစစ်ခင်ကတည်းက မြေးလုပ်သူက သူတို့ရဲ့ ပတ္တမြားဆေးရုံမှာ ခေါ်ပြီး ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ဆေးဝါးများ အခမဲ့ပေးကမ်းခြင်း အစရှိတာတွေ အကုန်လုပ်ပေးထားတာ၊ အမိန့်ချခါနီးမှာလဲ သူတို့ရဲ့ရှေ့နေဒေါ်မေသန့်ဇင် ကနေတဆင့် လာဘ်ငွေ ၁၀ သိန်း ရက်ရက်ရောရောပဲ ပေးထားတာ။

အမိန့် မချခင်မှာ ကတည်းက တရားသူကြီး ဒေါ်အေးသန်းရဲ့ မိတ်ဆွေကနေတဆင့် အဖိုးကြီးကို ပြစ်ဒဏ်ချမယ့် အကြောင်း ကြိုသိထားပြီးပြီလို့ တရားခံတွေဘက်က ပြောတယ်။

တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီနဲ့ လာဘ်ပေး လာဘ်ယူမှု အရေးယူဆောင်ရွက်ရေး ကော်မတီက၊ ဒီအမှုကို စစ်ဆေးသင့်တယ်လို့ ကျွန်တော်ထင်တယ်။

ကျွန်တော်တို့လို ဘေးကကြည့်တဲ့ ပရိသတ်ကတောင်မှ မတရားမှန်း သိသာထင်ရှားလွန်းလို့ပါ။

ဆက်ပြီးတော့ ဒီမြေးနဲ့ သူ့ရဲ့အမေ (အဖိုးကြီးရဲ့ချွေးမ) တို့ သက်ရှိထင်ရှားရှိနေတဲ့ အဖိုးကြီးပိုင်တဲ့ အိမ်ကို ဘာပိုင်ဆိုင်မှု အထောက်အထား တစ်စုံတစ်ရာမျှ မပြနိုင်ပဲနဲ့ တောင်ကြီးမြို့ပြည်နယ် တရားသူကြီး ဦးစိုးသိန်း (ယခု မန္တလေးတိုင်းတရားသူကြီးချူပ်) နှင့် ခရိုင်တရားသူကြီး ဒေါ်လင်းလင်း တို့နဲ့ ပေါင်းပြီး "အိမ်မြေလက်ရောက်ရလိုမှုနှင့် ထာဝရတားဝရမ်းရလိုမှု" ဘယ်လိုရအောင် လုပ်သွားသလဲဆိုတာကို မိဘ ဘိုးဘွားများ ဆင်ခြင်နိုင်အောင် အပိုင်း (၃) မှာ ဆက်လက်တင်ပြပါအုံးမယ်။
--------
သိသာစေရန် - ဤစောင်းပါးအား ဒေသခံတစ်ဦး၏ ရေးသားပေးပို့ချက်သာဖြစ်ပြီး တောင်ကြီးတိုင်းမ်၏ သဘောထားအမြင်မဟုတ်ပါ။

5 comments:

ဝေးခွန်သိန်း said...

သတင်းကိုဖြစ်ရတာကျနော် ပအိုဝ်းလူမျိုးဖြစ်ရတာတောင်
ရှက်လာပြီ နောက်ဆို (ခွန်) ဆိုလို့ မရေးပါနဲ့ ကွာ တကယ်
ရှက်လွန်းလို့ ပါ သိက္ခာကျတယ်ကွာ ငယ်ငယ်ကတည်းက
ကိုယ့်ကိုမွေးလာတဲ့ ကိုယ့်အဘိုးကိုတောင်မှ လုပ်နိုင်တယ်
သူ့ စိတ်ကဘယ်လိုနဲ့ လုပ်ထားတာလဲ သိချင်လိုက်တာဗျာ

ဗညား said...

ဥပဒေ ၊ တရားသူကြီး တွေပာာ တောင်ကြီးမြို့တွင် မပာုတ်ဘူး ကလောမြို့ မှာဘာဖြစ်နေတာလို့ကြားရတယ်။ ဥပဒေအရာရှိအမျိုးသမီးကပိုဆိုးတယ်လို့ကြားနေရတယ် ကြည့်လုပ်ကြပါအုံး

ဗညား said...

တောင်ကြီးမြို့ တွင်မပာုတ်ဘူး ကလောမြို့ မှာပါ ဖြစ်နေတာ။ ဥပဒေအရာရှိ အမျိုးသမီး ကပိုဆိုးတယ်လို့ကြားနေရတယ်

phyo zaw said...

ဥပဒေအထက်မှာဘယ်သူမှမရှိတဲ့ ဟားဟားဟား

phyo zaw said...

ဥပဒေအထက်မှာဘယ်သူမှမရှတဲ့ ဟားဟားဟား