လူငယ်ကို စွဲခေါ်ရန် လွဲချော်နေတဲ့အမြင်များ

ခွန်ရာဇာ | ဖေဖေါ်ဝါရီလ ၁၉ ရက်၊ ၂၀၁၅ ခု | တောင်ကြီးတိုင်းမ်

ပအိုဝ်းလူမျိုးဟာ မီဒီယာနဲ့ပတ်သက်လာရင် အားနည်းမှုအရမ်းရှိနေပါတယ်။ ဘယ်ပတ်ဝန်းကျင်၊ ဘယ်အသိုင်းဝိုင်းကမှ မီဒီယာသမားကို အားမပေးပါဘူး။ စိတ်ဝင်စားမှုလည်း မရှိဘူး။ မီဒီယာကို အသုံးချရမယ်ဆိုတာ နားလည်မှုမရှိပါဘူး။ အထင်မှားကြတယ်၊ မီဒီယာဟာ မကောင်းတာကိုပေါ်မှာဆိုးလို့ ကြောက်နေကြတယ်ဆိုတာ ပအိုဝ်းတိုင်းရင်းသားလူမျိုးသာမက တစ်ခြားတိုင်းရင်းသားလည်း ဖြစ်နေလိမ့်မယ်လို့ ထင်ပါတယ်။

စာရေးသူဟာ သတင်းသမား မီဒီယာသမားဖြစ်သွားတဲ့အဖြစ်အပျက်ကို စာဖတ်ပရိတ်သတ်တွေ တစ်ပိုင်းတစ်စ သိအောင် မျှဝေချင်ပါတယ်။ မြန်မာနိုင်ငံဟာ ခေတ်စနစ်ပွင့်လင်းလာတာနဲ့အမျှ သတင်းမီဒီယာလောကလည်း လွတ်လပ်သင့်သလောက် လွတ်လပ်လာပါတယ်။ ပြောချင်တာ ပြောလို့ရလာတယ်၊ ရေးချင်တာ လွတ်လွတ် လပ်လပ်ရေးလို့ရလာတယ်။ အချိန်ကိုက်ဘဲ စာရေးသူ ဝါသနာနဲ့ ကိုက်ညီတဲ့ သတင်းမီဒီယာလိုင်းကို လူမျိုးအတွက် ပြည်သူအတွက် မိမိကိုယ်ကိုယ်အတွက် ရည်ရွယ်ပြီး ရွေးချယ်လိုက်ပါတယ်။

ဖြစ်ပုံက လိုအပ်မှုအခြေနေတစ်ရပ် ဖြစ်နေတဲ့အချိန် ခေတ်စနစ်အပြောင်းလဲ ဖော်ဆောင်နေတဲ့အချိန်နဲ့ စာရေးသူဝါသနာက ကိုက်ညီမှုဖြစ်သွားတယ်။ စာရေးသူအရမ်းလေးစားတဲ့ လူကြီးက ပအိုဝ်းလူမျိုးအတွက်ဆိုပြီး ထောက်ပံ့မှုတစ်ချို့နဲ့ ရန်ကုန်မြို့တော်ကြီးမှာရှိတဲ့ သတင်းစာဆရာကြီး ဦးမောင်ဝံသရဲ့ သင်တန်းကျောင်းကို သုံးလတိတိ တက်ရောက် သတင်းမီဒီယာကို သင်ယူခွင့်ရခဲ့ပါတယ်။

မတက်ရောက်ခင် စာရေးသူရဲ့ လူကြီးဟာ ခေါ်တွေ့ပြောတဲ့စကား ပါးလိုက်ပါတယ်။ မင်းတို့သင်တန်း သွားရောက်သင်လိုလည်း သွားပါ။ လိုအပ်ဒါ ထောက်ပံ့မှုတစ်ချို့ကို ပေးလိုက်ပါမယ်။ မင်းတို့ပြန်လာရင် ငါ့ဆီကို လာလုပ်ချင်လုပ် မလုပ်လည်း တစ်ခြားကို လုပ်လည်းရပါတယ်၊ ပအိုဝ်းလူမျိုးအတွက်ဘဲ ဖြစ်ပါစေပေါ့။ ဆိုပြီး စာရေးသူတို့အတွက် ရန်ကုန်ဆင်းစရိတ်နဲ့ သင်တန်းတက်မယ့်စရိတ်ကို တစ်လတစ်သိန်း ထောက်ပံ့ပေးပါတယ်။

စာရေးသူ အားကိုးလိုက်တဲ့ လူကြီးက သင်တန်းတက်ရောက်ဖို့ သူငယ်ချင်းတွေနဲ့ လေးယောက် သွားရောက်သင်ယူဖို့ထောက်ပံ့မှုပေးခဲ့ပါတယ်။ လိုအပ်မှုအရကော စိတ်ဝင်စားမှုကော လေးယောက်လုံး သင်ယူပြီး မြောက်သွားပါတယ်။ သုံးလပြည့်လို့ သင်တန်းဆင်းပြီး နေရပ်ကိုပြန်လာတဲ့ အချိန်မှာ မီဒီယာရဲ့ သဘောတရား မီဒီယာရဲ့နည်းပညာတစ်ချို့ကို တတ်မြောက်လာပြီး ပြန်လည်အသုံးချကြပါတယ်။ အဲ့ဒီအချိန်မှာ စာရေးသူတို့ လူကြီးမှာ ပအိုဝ်းအတွက် ထုတ်ဝေနေတဲ့ ဂျာနယ်တစ်စောင်ရှိပါတယ်။ စာရေးသူတို့လည်း တတ်ထားတဲ့ပညာကို အသုံးချပြီး သတင်းရေးသားပေးပို့တယ်။ ထိုဂျာနယ်ရဲ့ အယ်ဒီတာက စာရေးသူတို့ ပေးပို့တဲ့သတင်းကို သတင်းအဖြစ် အသုံးမှုမျိုးမဟုတ်ဘဲ ကျင့်ဝတ်နဲ့မကိုက်ညီတဲ့ အတင်းအဖြစ် ပြောင်းလဲလိုက်ပါတယ်။

သတင်းမီဒီယာဆိုတာ လွတ်လွတ်လပ်လပ်ရှိနေရမယ်၊ ဘယ်အဖွဲ့အစည်း၊ ဘယ်ပုဂ္ဂိုရဲ့ အသုံးချမီဒီ ယာ၊ အရိပ်လွမ်းမိုးတဲ့ မီဒီယာ ဖြစ်လို့မရဘူး ဆိုတာ အကြံပေးတယ်၊ တောင်းဆိုတယ်။ ဒါပေမယ့် မရပါဘူး။ သတင်းမီဒီယာဟာ သူ့ရဲ့ဥပဒေ၊ သူ့ရဲ့ကျင့်ဝတ်ရှိတယ်ဆိုတာ မလိုက်နာကြပါဘူး။ ဆိုတော့ စာရေးသူတို့လည်း အတူတကွလုပ်ဆောင်လို့ မရတဲ့အတွက် တနိုင်တပိုင်နဲ့ နောက်ထပ်ဂျာနယ်တစ်စောင်ကို သင်တန်းဘက်တော်သား သူငယ်ချင်းတစ်ယောက်နဲ့အတူ ကျိုးစားထုတ်ဝေခဲ့ရပါတယ်။ အဲဒီဂျာနယ်ရဲ့အမည်က ခမ်းသားင၀်းတဲ့ ယခုထိ ထုတ်ဝေနေဆဲ ဖြစ်ပါတယ်။

ဆိုတော့ အလုပ်အတူမလုပ်တဲ့အတွက် စာရေးသူတို့ကို အဖျက်သမားမြင်လာတယ်။ ဘာဖြစ်လို့ လည်းဆိုတော့ ပြည်သူလူထု ခံစားနေရတဲ့ မတရားမှုတွေကို ဖော်ထုတ်ပေးတယ်၊ ပွင့်လင်းမြင်သာမှုရှိဖို့ လုပ်ဆောင်ပေးတဲ့အတွက် လူကောင်းတွေရဲ့ အားကိုးရာ ဖြစ်ပေမယ့်။ မဟုတ်တာလုပ်တဲ့ သူအတွက်တော့ လက်ခံနိုင်ဖို့ခက်ခဲတဲ့အရာ ဖြစ်သွားပါတယ်။

စာရေးသူတို့ရဲ့ လူကြီးတွေနဲ့လည်း ခဏခဏပြန်ဆုံဖြစ်တယ်၊ လုပ်ဆောင်ချက်တစ်ချို့ကိုလည်း ကောင်းရင်ကောင်းတဲ့အတိုင်း မကောင်းရင်မကောင်းတဲ့အတိုင်း သတင်းမီဒီယာကျင့်ဝတ်နဲ့အညီ ရေးသားမှုတွေ ရှိခဲ့ပါတယ်။ စာရေးသူရဲ့ လူကြီးကတော့ သူထောက်ပံ့ပေးတဲ့သူက သူ့အကြောင်းကို ပြန်ရေးရသလားပေါ့ တစ်ခါတစ်လေ စိတ်တိုမိမယ် ထင်ပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး လူရှေ့သူရှေ့မှာ စာရေးသူရဲ့ လူကြီးက စကားလုံးကြွားမှုအရကော လူကို အရှက်ခွဲတဲ့ သဘောပါ ပြောလာပါတယ်။ တစ်ကြီမ် နှစ်ကြီမ်မကပါဘူး။ ကြုံတိုင်း ပြောပါတယ်။ စာရေးသူတို့မှာ ကိုယ်ဘာအမှားလုပ်မိသလဲ အခေါက်ခေါက်ပြန်တွေးပေမယ့် အဖြေမရပါဘူး၊ ယခုထိ အရှက်ရနေတုန်းပါဘဲ။ ဘာကြောင့်လဲဆိုတော့ ပအိုဝ်းလူငယ်ဖိုရမ်ဆိုပြီး တောင်ကြီးမြို့တောင်ဘက် ဖါမွုန်းကျေးရွာ ဘုန်တော်ကြီး ကျောင်းမှာ ဖေဖောဝါရီ ၇ ရက်မှ ၉ ရက်အထိ ကျင်းပပါတယ်။ နောက်ဆုံးနေ့မှာ စာရေးသူရဲ့ လူကြီးက လူငယ်သုံးရာကျော်ရဲ့ ရှေမှာဘဲ စာရေးသူနဲ့သူငယ်ချင်း နှစ်ယောက် အရှက်ခွဲခံလိုက်ရပြန်တယ်။

ဆိုတော့ သတင်းမီဒီယာသမားဟာ မန္တလေးနန်းတော် ဘုရင်မင်းတုန်းမင်းလက်ထက် ကတည်းကပင် ဘုရင်မင်းမြတ်ကိုယ်တိုင် ငါမကောင်း ငါမကောင်းတဲ့အကြောင်းကိုရေး၊ ငါ့မိဖုရားမကောင်း ငါ့မိဖုရားအကြောင်းရေး၊ ငါ့သားတော် မကောင်း ငါ့သားအကြောင်းရေး၊ ငါ့မူးမတ်မကောင်း ငါ့မူးမတ်အကြောင်းရေး၊ မင်းတို့သတင်းမီဒီယာသမား အပြစ်မရှိ။ နန်းတော်တွင်း အတားဆီးမရှိ လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်တယ်လို့ ခွင့်ပြုထားပါတယ်။

မီဒီယာသတင်းသမားဟာ ဘက်လိုက်လို့မရပါဘူး၊ အမှန်ကိုအမှန်အတိုင်း ရေးရဲရမယ်ဆိုတာလည်း တက်ရောက်ခဲ့တဲ့သင်တန်းမှာ သင်ကြားခဲ့ရပါတယ်။ ပြည်သူလူထု သိလိုတဲ့ သတင်းအချက်လက်ကိုလည်း ထိန်ချန်လို့မရ ပေးပို့တင်ပြရမှာ သတင်းသမားရဲ့ တာဝန်တစ်ရပ်ပါ။။

စာရေးသူရဲ့ လူကြီးကို ပြောပြချင်တာကတော့ ကိုစိုက်လိုက်တဲ့ သစ်ပင်ဟာ သူ့ရဲ့အသီးအပွင့်ကို စောင့်မျှော်ပြီး စိုက်ခြင်းထက် ဒီသစ်ပင်ဟာတစ်ချိန်ကြရင် လူတစ်စု၊ လူအများ စတဲ့ သူတို့အတွက် အကျိုးရှိလိမ့်မယ်လို့ တွေးပေးချင်ပါတယ်။ ပြီးတော့ သင်တန်းတက်ရောက်ဖို့ ပံ့ပိုးပေးတိုင်း အသုံးချလို့ရမယ်လို့ မျှော်လင့်ထားရင် မှားပါလိမ့်မယ်။

သတင်းသမားဟာ အင်မတန်မ ခက်ခဲတဲ့အလုပ်၊ လူစိတ်ဝင်စားမှုနည်းတဲ့အရာ၊ လူတွေမလုပ်ချင်တဲ့ အရာထဲမှာ ပါတယ်။ စာရေးသူတို့ သင်တန်းတက်ရောက်တဲ့ လေးဦးထဲမှာ စာရေးသူအပါ နှစ်ဦးသာ ပြန်လည်အသုံးချနိုင်တာပါ။ ဒါပေမဲ့ ဒီသင်တန်းသုံးလလေးနဲ့ သတင်းသမားမဖြစ်ပါဘူး၊ ဝါသနာအရင်းခံ၊ မျိုးချစ်စိတ်အရင်းခံ၊ လေ့လာမှုအားကောင်းကောင်းနဲ့ လုပ်ဆောင်နေရပါတယ်။

နိုင်ငံရေးသမား၊ စီးပွားရေးသမား၊ လူမှုရေးသမား စတဲ့အရာတွေဟာ လုပ်ဆောင်နေတာ အများကြီးပါ။ သတင်းသမားဆိုတာ ပြည်နယ်တစ်ခု တိုင်းဒေသကြီးတစ်ခုတို့မှာ လက်ချိုးရည်လို့ရတဲ့ အနေအထား အလွန်နည်းပါးပါတယ်။ တိုင်းပြည်ပြုပြင်ပြောင်းလဲဖို့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် သတင်းမီဒီယာသမားဟာ မရှိမဖြစ်တဲ့ အရာတစ်ခုပါ။ ဒါကြောင့် စာရေးသူရဲ့ လူကြီးကို ပြောချင်ပါတယ်။ နောက်နောင်ဒီလို စိတ်ဓါတ်ကျစေတဲ့ အရာတွေ မလုပ်စေချင်ဘူး။ ထပ်တူလူငယ်တွေ လက်ဆင့်ကမ်းဖို့ မလွယ်ကူပါဘူး၊ လက်တွဲခေါ်ယူဖို့ အရေးကြီးပါတယ်။

လူငယ်တွေကိုလည်း ပြောချင်ပါတယ်။ ဘယ်တော့မှ လူကြီးတွေ သြဇာကြီးတဲ့ ပုဂ္ဂိုလ်တွေရဲ့ အထောက်ပံ့ကို မယူပါနဲ့ အကူညီမတောင်းပါနဲ့။ တက်လမ်းတွေပိတ်သွားနိုင်လို့ပါ။ ဗိုလ်ချုပ်အောင်ဆန်း ဗိုလ်ချုပ်ဖြစ်နေပြီတောင်မှ ဘယ်သူ့အကူညီမယူဘူး ကားမရှိလို့ အစည်းဝေးသွားတက် နိုင်ငံ့အကျိုးလုပ်နေတာ ဘယ်အကူညီမှ မယူဘူးဆိုတာ လူငယ်တွေ သတိထားသင့်နေပါပြီ။ သို့မဟုတ် လွတ်လပ်ခြင်းအရသာ အချုပ်အနောင်ကင်းမဲ့တဲ့ အရသာကို ခံစားရဖို့ နည်းပါးသွားနိုင်ပါတယ်။

စာရေးသူတို့ရဲ့ လူကြီးလည်း ဒီဆောင်းပါးကို ဖတ်မိပါက စာရေးသူအရမ်းကျေးဇူးတင်မိမှာပါ။
ကျန်းမာချမ်းသာနိုင်ပါစေ။

1 comment:

Khun saw hlaing said...

လေးစားပါတယ်​ ဆက်​ကြိုးစားပါ